မချမ်းဘော့၌ အသက်မွေးဝမ်းကျောင်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မချမ်းဘော့ မတ် ၂

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့်တန်ဖိုး မြှင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်ရန်နှင့်ကျေးလက်ဒေသလူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက နမ်ခမ်ကျေးရွာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ပူတာအိုခရိုင်၊အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက အမှာစကားပြောကြားရာတွင် "ယခုသင်တန်းတွင်သင်ပေးလိုက်တဲ့နည်း ပညာကို ဒေသထွက်ကုန်တို့နှင့်ပေါင်းစပ်ပြီး တန်ဖိုမြှင့်ထုတ်ကုန်များထုတ်လုပ်ကာ စျေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း" ထည့်သွင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ဆက်လက်၍ နမ်ခမ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခေါ့ခွန်းထင်က ဒေသထွက်တန်ဖိုးမြှင့်ထုတ်ကုန်များကိုပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူ ဒေါ်အင်ချုပ်ချန်ဂျာ ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို ဒေသခံလူငယ်လူရွယ် ၂၂ဦးတက်ရောက်ပြီး မတ်လ၂၀ ရက်နေ့မှ မတ်လ ၂၄ရက်နေ့အထိ သင်တန်းနည်းပြ ၂ဦးတို့က စာတွေ့လက်တွေ့စနစ်တကျ သင်တန်းပို့ချခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသလူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော သင်တန်းဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)