ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲရုံများလုံခြုံရေး ဆောင်ရွက်နိုင်ရန်အတွက် အထူးရဲသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင် ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းအောင်က အထူးရဲသင်တန်းသားများအား ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်က "၂၀၂၀-ပြည့်နှစ်- နိုဝင်ဘာလ ( ၈ ) ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားဖြင့် မြို့နယ်အတွင်းရှိ မဲရုံ(၁၂၃)ရုံအတွက် လုံခြုံရေး တာဝန်ဆောင်ရွက်ရန် လုံလောက်မှုမရှိသောကြောင့် ယခုလို အထူးရဲများ ခန့်အပ်ပြီး သင်တန်းဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် သင်တန်းဖွင့်လှစ် သင်ကြားပို့ချရန် နေရာ အခက်အခဲကြောင့် အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါကြောင်း၊ အထက်တန်းကျောင်း ဖြစ်သည့်အလျောက် အထူးရဲသင်တန်းသားများအနေဖြင့် စည်းကမ်းတကျ နေထိုင်သွားလာရမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း တစ်ဦးနှင့်တစ်ဦး သည်းခံခွင့်လွှတ် ပြောဆိုနေထိုင် ကြရန်နှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝမဖြစ်စေရေး နေထိုင်ကြရန် မှာကြားချင်ပါကြောင်း၊ ဒါ့အပြင် သင်တန်းသားများ အနေဖြင့် သင်တန်းမှ ပို့ချသော သင်ခန်းစာများအား ဂရုတစိုက် စိတ်ပါဝင်စားစွာ မှတ်သားသင်ယူကြရန်နှင့် သင်တန်းအောင်မြင်စွာ တက်ရောက်နိုင်ကြပါစေ " ဟု အားပေးစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ အထူးရဲသင်တန်းတွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မြို့နယ်အတွင်းရှိ မဲရုံ(၁၂၃)ရုံတွင် လုံခြုံရေးတာဝန် ဆောင်ရွက်ကြမည့် သင်တန်းသား(၁၂၃)ဦးတို့ကို လူ့အခွင့်အရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရဲကျင့်ဝတ်နှင့်ရဲစည်းကမ်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ်စနစ်များ၊ ရာဇသတ်ကြီးပုဒ်မများ၊ ရဲအက်ဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာကျင့်ဝတ် စသည့်ဘာသာရပ်များအား သင်တန်းနည်းပြ(၄)ဦးတို့ဖြင့် ၂၀၂၀-ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တို ဘာလ(၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)