မိုးကောင်း မတ် ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဖီးနစ်(စ်)လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသော World TB Day ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ကြိုးစားစို့” ဆောင်ပုဒ်ဖြင့် မတ်လ(၂၄)ရက် နံနက်(၁၀)နာရီတွင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းက ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံ၏ တီဘီရောဂါတိုက်ဖျက်ရေး၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်များအကြောင်းကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တီဘီရောဂါကုသရေးနှင့် တိုက်ဖျက်မှုအကြောင်းကို ပြည်သူ့ကျန်းမာရးဦးစီးဌာနမှ ဆရာမကြီးဒေါ်တင်မာဝေက power point ဖြင့်ရှင်းလင်းပြောကြားပြီး မိုးကောင်းပြည်သူ့ဆေးရုံ၌ တီဘီရောဂါဆေးကုသမှုခံယူနေသော လူနာ(၂)ဦးမှ ရင်တွင်းစကားကိုလည်းကောင်း၊ ART ဆေးပေးခန်းမှ ဒေါက်တာကောင်းခိုင်မင်းက HIV/TB ရောဂါအကြောင်းကိုလည်းကောင်း၊ ဖီးနစ်(စ်)လူမှုရေးအသင်း ခေါင်းဆောင်ဦးညွှန့်ဦးမှ ဖီးနစ်(စ်)အသင်း၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆေးယဉ်ပါးတီဘီရောဂါ ကုသလူနာများ တက်ရောက်သည်။
သန်းလွင်ဦး(ပြန်/ဆက်)