မချမ်းဘော့ မတ် ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီက မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာတွင် “သားတို့သမီးတို့ကို ယခုလိုစာဖတ်ဝိုင်းတွေ ဆောင်ရွက်ပေးခြင်းဟာ သားတို့သမီးတို့ရဲ့ စာဖတ်စွမ်းရည်မြင့်မားစေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့် ကောင်းတွေရရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသားလူငယ်များက ၂၀၂၃ခု နှစ် ဖေဖော်ဝါရီလထုတ် တေဇရုပ်စုံစာစောင် အတွဲ(၃၄)၊ အမှတ်(၈)စာအုပ်ပါ စာရေးဆရာ ရေနံသာမောင်ကျော်ညွန့်ရေးသားသော ခြေနင်းဖတ်မဖြစ်ပါစေနဲ့၊ မောင်ဖျော် ရေးသားထားသော အကြွေးကင်းသူဖြစ်ပါစေ၊ ယင်းမာရေးသား ထားသော မှန်ကန်သောဆုံးဖြတ်ချက်စသည့် လူငယ်ပညာပေး ဝတ္ထုတိုလေးများကို ဖတ်ရှုခဲ့ကြပြီး မိမိတို့ဖတ်ရှုခဲ့ကြသည့် ခေါင်းစဥ်များအလိုက် နားလည် သဘောပေါက်မှုအပေါ် အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းသို့ မချမ်းဘော့မြို့နယ် စာကြည့်တိုက်အဆိုပါ စာဖတ်ပရိတ်သတ် ကျောင်းသားလူငယ် ၂၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာဖတ်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)