အမ်း မတ် ၂၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး ကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းတွင် စက်ချုပ်ဘာသာရပ် (၁၅)မျိုး၊ လက်မှုဘာသာရပ်(၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ် ဘာသာရပ်များ၊ တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ်အစဉ် ရှင်သန်ထက်မြတ် နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ် သင်ခန်းစာဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစုနည်းသင်တန်းများ၊ နယ်စပ်ဒေသတွင် နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်းသား/တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အလမ်းများရှိစေရန် စသည့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပို့ချပေးပြီး သင်တန်းတွင် လိုအပ်သည့် သင်တန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေသင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အိမ်တွင်းမှုအတတ်ပညာရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းအား သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ၂၅-၁၀-၂၀၂၂ မှ စတင်ဖွင့်လှစ်၍ သင်တန်းကာမှာ (၂၂)ပတ်ဖြစ်ကြောင်း၊ ဘာသာရပ်များ သင်ကြားပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်မိခင်နှင့်ကလေး စောင့်ရှာက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းအိခိုင်တို့က သင်တန်းသူများအား အဆင့်မြင့်ထူးချွန်ဆုနှင့် အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူတင်စကားပြောကြားကာ တက်ရောက်လာသူများက ပြခန်း၌ ပြသထားရှိသည့် အသုံးအဆောင် ပစ္စည်းများအားလေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)