တွံတေး မတ် ၂၄
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကံဘဲ့-ပျော်ဘွယ်လေး-ဒလ သွားကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ မွန်းတည် ၁၂ နာရီ ၁၀ မိနစ်က အဆိုပါ ဘုရားငုတ္တိုလမ်းဆုံရှိမုဒ်ဦးရှေ့များ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လမ်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော်က လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ် မျိုးမင်းထိုက် တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်းသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တွင်တည်ရှိပြီး မြောင်းမြ-လပ္ပတ္တာ-ဒေးဒရဲ-ကွမ်းခြံကုန်း-ရန်ကုန်လမ်း(NH-5)၏ လမ်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုအဆင်ပြေချော့မွေ့နိုင်ရန်၊ နှစ်စဥ်များပြားသော ယာဥ်ပမာဏနှင့်ကုန်တင်ယာဥ်ကြီးများ ပိုမိုအဆင်ပြေစွာသွားလာနိုင်ရန်(၄)
လမ်းသွား လမ်းမကြီးအဖြစ် ဆက်လက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂)လမ်းသွားကွန်ကရစ်လမ်းအဖြစ် လမ်းဦးစီးဌာနမှ အဆင့်မြှင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်းပိုင်း အရှည်မိုင်(၉) (၀)ဖာလုံ၊ အကျယ်ပေ(၂၄)ပေဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ၂၀၂၀ ခုနှစ်မေလ၂၅မှ စတင်ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးလမ်းအရှည်မှာ ယခုဖွင့်လှစ်ပြီးသည့်အထိ အရှည်(၇)မိုင် (၂)ဖာလုံပြီးသွားကာကျန်ရှိသောလမ်းအရှည်အား၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
တွံတေးသား (ပြန်/ ဆက်)