မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်တို့က အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ သက်ငယ်မုဒိမ်းမှုအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားအောင် တားဆီးကာကွယ်သင့်သည့်အချက်များနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသည့် ကလေးငယ်များ ဘဝပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမည့်အချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show) အပြည့်အစုံကိုလည်း We Love Myittha Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)