ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပူတာအို မတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပူတာအို)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ကချင်ပြည်နယ် ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအို ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို ဗျူဟာမှူးက သင်တန်းထူးချွန်ဆုရ သင်တန်းသူတစ်ဦးအား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းတွင် ပထမဆုရ သင်တန်းသူ တစ်ဦးအားလည်းကောင်း၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက သင်တန်းတွင် ဒုတိယဆုရ သင်တန်းသူတစ်ဦးအားလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော့၊ ခေါင်လန်ဖူးမြို့နယ်များမှ သင်တန်းသူ စုစုပေါင်း (၃၅)ဦးတို့ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့မှ ၂၀၂၃-ခုနှစ် မတ်လ(၂၄)ရက်နေ့အထိ သင်တန်းကာလ ငါးလကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပူတာအို အိမ်တွင်းမှုသင်တန်းကျောင်းအနေဖြင့် သင်တန်းအမှတ်စဉ် (၁)မှ (၄၂)နှင့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)အထိ သင်တန်းဆင်း အောင်မြင်သူပေါင်း (၁၉၆၂)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အိမ်တွင်းမှုသင်တန်းကျောင်း နည်းပြဆရာမများက အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် ဘာသာရပ် (၃၈)မျိုးနှင့် လက်မှုဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များသာမက တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓါတ်များ ရှင်သန်လာစေရန် ပြည်ထောင်စုစိတ်ဓါတ် သင်ခန်းစာများကိုလည်း ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချပေးလျက်ရှိသည့်အပြင် သဘာဝဘေးဆိုင်ရာ၊ ရှေးဦးသူနာပြုစုခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ကျန်းမာရေး၊ အမျိုးသမီးငယ်များ သိသင့်သိထိုက်သော အကြောင်းအရာများ အသိပညာပေး ဟောပြောခြင်းနှင့် စာပေရေးရာ ဆွေးနွေးပွဲများလည်း ကျင်းပနိုင်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)