ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ် နေပြည်သူများ စာပေမှတဆင့် အသိပညာဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေးနယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၉ နာရီက ဆိပ်ကြီးအ‌ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများအား နယ်လှည့်စာကြည့်တိုက်သို့ လာရောက်သည့် ရပ်ကွက်နေ ပြည်သူများအား ဆွေးနွေးပြောကြားသည်။ ထို့နောက် နယ်လှည့် စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ရပ်ကွက်နေပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုကြရာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့သည်။

ယင်းနောက် နယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့် တိုက်မှ သုတ၊ ရသစာအုပ်များအား ရပ်ကွက်နေ ပြည်သူများ ဖတ်ရှုနိုင်ရေးအတွက် စနစ်တကျ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့်ကျန်ရှိသော ရပ်ကွက်များတွင်လည်း ပြည်သူများ ဗဟုသုတတိုးပွားရရှိစေရေးအတွက် ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (IPRD)