ဗန်းမော် မတ် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ဗန်းမော်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဒီကနေ့ သင်တန်းဆင်းသွားကြတဲ့ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှု ပညာရပ်များကို အသုံးပြုပြီး ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြုလုပ်နိုင်သွားကြမယ်ဆိုရင် သင်တန်းကျောင်းဖွင့်လှစ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များ အောင်မြင် မှာဖြစ်ပြီး မိမိတို့ အရပ်ဒေသသို့ ပြန်လည်ရောက်ရှိတဲ့အချိန်မှာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ် ဒေါ်သင်းသင်းမြတ်က သင်တန်းကာလ အတွင်း သင်ကြားပို့ချ ပြီးစီးမှုများကို မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုရရှိသည့် သင်တန်းသူများက လက်ခံရယူခဲ့ပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း (ဗန်းမော်)မှ ဒုတိယကျောင်းအုပ်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသူများ၏ ဖန်တီးချုပ်လုပ်ထားသည့် လက်ရာများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာကြသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)