ဗဟန်း မတ် ၂၄
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူးက လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်း ဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အောင်မာဝင်းက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ အားကစားကဏ္ဍနှင့်သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက်ဟောပြောပွဲကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး