ဆဒုံး မတ် ၂၄
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ဆဒုံးမြို့၊ လူစည်ကားရာနေရာများတွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့သည့် အချက်အလက်များ၊ တပ်မတော်နေ့ ဦးတည်ချက် (၄) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်အချို့၊ တပ်မတော်၏အား (၁၀) ပါး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် ကဗျာများ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ကြောင်းသိရှိရသည်။
ယင်း စုံလင်စွာ ရေးသားဖော်ပြထားသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အများပြည်သူ လူစည်ကားရာနေရာများ၊ လမ်းဘေးဈေးသည်များနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား ဖြန့်ဝေပေးခဲ့သည်။
ခင်မာဝင်း(ဆဒုံး)