ချမ်းမြသာစည် မတ် ၂၄
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလအတွင်းကျောင်းသား/သူ ကလေးငယ်များစာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အထိမ်းအမှတ်နေ့ရက်များအား သိရှိစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ သွက်လက်ထက်မြက်သောသူလေးများ ဖြစ်ပေါ်လာစေတို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့် တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်များ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာချမ်းမြသာစည်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲစည်းကမ်းများနှင့်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အဆိုပါဦးစီးဌာနတွင် နွေရာသီသင်တန်းများတက်ရောက်သင်ကြား နေကြသည့် ကျောင်းသား/သူ (၂၅ )ဦးတို့က ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသော ကျောင်းသား/သူများအား ပုံဆွဲစာအုပ်နှင့်ရောင်စုံ ခဲတံဗူးများကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ-ချမ်းစည် (ပြန်/ဆက်)