မြစ်သား မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ကင်းတားရေလွှဲဆည်ရေနှင့်မြေအောက်ရေကို အမှီပြုကာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး၊ ယခုအခါငှက်ပျောအထွက်နှုန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ အဓိကစိုက်ပျိုးသည့် သီးနှံများဖြစ်သောစပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံ၊ ကြက်သွန်နှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာ၌ သီးနှံဝင်ငွေများ တိုးပွားစေရန်အတွက် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိရာ ဖီးကြမ်းငှက်ပျောက စျေးကွက်မှာ စားသုံးသူများအကြိုက်တွေ့သဖြင့် စျေးလည်းပိုရရှိသည့်အပြင် လှည်းတစ်စီး(၄၀)ဆယ်ခိုင်ပါ စျေးနှုန်းမှာ(၂)သိန်းခွဲကျပ်ဖြင့် ရောင်းချရသဖြင့် ငှက်ပျောစျေးကွက်ကောင်းမွန်လာပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့မအရှေ့ရပ်ကွက်နေ ငှက်ပျောစိုက်တောင်သူဦးဌေးလွင် ပြောကြားချက်အရ သိရသည်။
မြစ်သားမြို့နယ်တွင် ယခုနှစ်ငှက်ပျောစိုက်ပျိုးသည့် ကျေးရွာများဖြစ်သော ရွှေပေါ်ကျွန်းကျေးရွာ၊ ငါးဆူကျေးရွာ၊ ကင်းစိန်စျေးကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ နွားကူးလေးကျေးရွာ၊ အုပ်ရှစ်ကုန်းကျေးရွာ၊ တလိုင်းကုန်းကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ၊ ပွဲလုံးကျော်ကျေးရွာ၊ သရက်ပင်ကံဆွယ်ကျေးရွာ၊ ခရုတုတ်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ ကျန်တောကျေးရွာ၊ ရွာခိုင်ကြီးကျေးရွာ၊ ဒါးဝယ်အင်းကျေးရွာ၊ မြနဒီကျေးရွာ၊ လက်ပံဆိပ်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)