တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၂၄) ရက်နေ့ နံနက်(၉)နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ  စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသော  ထိန်းသိမ်းစောင့်စည်းခြင်းနှင့် ဘဝအရည်အသွေး  စာအုပ်မှ စကားကိုစောင့်စည်းခြင်း အခန်းအား ဖတ်ကြားဆွေးနွေးရာ ဘဝအရည်အသွေးအတွက် စကားတတ်ဖို့က အလွန်လိုအပ်လှပါတယ်။ ဆက်ဆံရေးမှာလည်း အလုပ်နှင့်စ၍ ဆက်ဆံခြင်းထက် စကားနှင့်စ၍ ဆက်ဆံရခြင်း ဖြစ်ပါတယ်။ လောကမှာ တန်ဖိုးရှိသောစကားနှင့် တန်ဖိုးမရှိသော အချည်းနှီးသော စကားများလည်းရှိပါတယ်။ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်း အစရှိသော ကောင်းမွန်သော ကိုယ်ကျင့်တရားများ၊ အစဉ်အလာအရ ယဉ်ကျေးမှုထုံးဓလေ့များ၊ ဘာသာရေးကိုင်းရှိုင်းမှုများ စသောအကျင့်ကောင်းများရှိမှသာ မြင့်မြတ်တန်ဖိုးရှိသော စကားများကို ပြောတတ်မှာဖြစ်ပါတယ်။ ညံ့ဖျင်းသော လူများမှ ယုတ်ညံ့သော စကားများကို ပြောဆို၍ သဘာဝ အချိန်ကိုကျော်လွန်သွားကြတာဖြစ်တယ်။ စကားစောင့်စည်းခြင်းသည် စကားချိုသာမှုများနှင့်လည်း အပြည့်အဝမဆိုင်ပါ။ စကားကိုချိုသာ ပြေပြစ်လျှင် နားထောင်ကောင်းသော်လည်း စကားစောင့်စည်း၍ ပြောခြင်းက ပို၍တန်ဖိုးရှိမှာဖြစ်ပါကြောင်းနှင့် စကားခြောက်ခွန်း၊ စကားအရာ အင်္ဂါဆယ်ဖြာ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)