မိုးညှင်း မတ် ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားကြပြီး မိုးညှင်း မြို့မရဲခန်းမှ စခန်းမှူးဒုတိယရဲမှူးတင်လှိုင်က မှုခင်းကျဆင်းရေး အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မှုးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်သူဝင်းက မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ အမှတ်(၃) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဌေးဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က အဆိုပါ ဟောပြောပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့် ဆရာဆရာမများ စုစုပေါင်း(၁၅၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း