(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကူမြို့နယ်၌ ပေါင်းနက်ချောင်း ချောင်းကူးတံတား ဖွင့်ပွဲကျင်းပ

ရွှေကူ မတ် ၂၄

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရ ရန်ပုံငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပေါင်းနက်ချောင်း ချောင်းကူးတံတားဖွင့်ပွဲကို မတ်လ ၂၄ နံနက် ၈ နာရီခန့်က အဆိုပါတံတားပေါ်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင် ဦးအောင်နိုင်ညွှန့်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အင်ဂျင်နီယာ ဦးကျော်မင်းနိုင်တို့က ဖဲကြီုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပူခိုင်ကျေးရွာအတွင်း စီးဆင်းနေသည့် ပေါင်းနက်ချောင်းသည် နှစ်စဉ်မိုးတွင်းကာလ၌  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး မိုးသီးနှံစပါးစိုက်ခင်းများ ရေကြီးနှစ်မြုပ်ပျက်စီးခြင်းများကြောင့် တောင်သူများ အခက်အခဲကြုံတွေ့နေရခြင်း၊ ရေကြီးရေလျှံမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းများ ကြုံတွေ့နေရသည့် ဒေသဖြစ်ကြောင်း၊ အဆိုပါရေကြီးရေလျှံမှုဖြစ်ပေါ်ရာ ဝေခူးကျေးရွာမှ ပူခိုင်ကျေးရွာသို့ စီးဆင်းနေသည့် ပေါင်းနက်ချောင်းအတွင်း ပိတ်ဆို့နေသည့် သဲနှုန်းများအား ပြန်လည်တူးဖော် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ၎င်းချောင်းအပေါ်မှ ကျေးရွာနေပြည်သူများ ကုန်စည်ကူးသန်းမှု လွယ်ကူစွာဖြတ်သန်းသွား လာနိုင်စေရန်အတွက် ရေမျက်နှာပြင်အမြင့် (၉) ပေခန့်၌  အရှည် ၁၈ ပေ အကျယ် ၁၂ ပေ ရှိ ကျောက်စီ ကွန်ကရစ်ခင်းချောင်းကူးတံတားအား ကချင်ပြည်နယ်အစိုးရ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၇၅) သန်းဖြင့် (၁၀-၂-၂၃)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဤကဲ့သို့ ကျေးရွာပြည်သူများအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့် ပေါင်းနက်ချောင်းအတွင်းရှိ သဲနှုန်းများ တူးဖော်ဆောင်ရွက်ပေးခြင်းဖြင့် ဝေခူးကျေးရွာအတွင်းရှိ လယ်ဧက (၁၀၀)ခန့်သာမက ဝေခူးကျေးရွာနှင့် ဆက်စပ်နေသည့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုအား ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့အဆင်ပြေစွာသွားလာ နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)