မိုင်းဆတ် မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်ကျော်က နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနဲ့အညီ ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြို့ပေါ်တပ်ရင်းတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တက်ရောက်ကြသည့် ကျောင်းအိပ်၊ ကျောင်းစား အဆောင်နေကျောင်းသူများအဖြစ်လက်ခံထားပြီး သင်တန်းသင်ကြား နေစဉ် ကာလတစ်လျောက်နေထိုင်၊ စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ထောက်ပံ့ပေးခဲ့ ပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းဆရာမများ သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများကို မမေ့ပျောက်စေရန် အစဉ်လေ့ကျင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြသန္တာအေးက သင်တန်းသူ(၃၀)ဦးအား သင်တန်းတွင်သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများနှင့် သင်တန်းသူများ၏ နေ့စဉ်ဆောင်ရွက်မှုမှတ်တမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)