တာချီလိတ် မတ် ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မတ်လ ၃ ရက်နေ့မှ ၂၃ ရက်နေ့ထိ အားကစားနည်း ၇ မျိုးဖြင့် ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ က တာချီလိတ် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းသားများမှ ကွင်းအတွင်းနေရာယူကာ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၂၂၀ ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရာတေးအားကစားနည်းနှင့် မြန်မာ့သိုင်းအားကစားနည်း သင်တန်းသား/ သင်တန်းသူများက အခြေခံ ကရာတေးလေ့ကျင့်စဉ်များဖြစ်သည့် KiHom ကုမိတဲ့ အခြေခံ တိုက်ခိုက်နည်း၊ တစ်ဦးချင်း Kata၊ ပြိုင်ပွဲဝင် ပုံစံ ၃ ယောက်တွဲ Kata၊ အုပ်စုလိုက် အခြေခံ Kata တိုက်ခိုက်နည်းများ သရုပ်ပြသခဲ့ပြီး၊ မြန်မာ့သိုင်းအားကစားနည်း အခြေခံ လေ့ကျင့်စဉ်များဖြစ်သည့် ပြိုင်ပွဲဝင် ပုံစံ ၃ ယောက်တွဲ အခြေခံ ၆၃ မောင်းပြကွက်၊ သင်တန်းသူ ၃ ဦးမှ မြန်မာ့သိုင်း အခြေခံ ဓါး ၁ လက် သရုပ်ပြသခြင်းနှင့် ခုခံကာကွယ်တိုက်ခိုက်ရေး အခြေခံ တိုက်ခိုက်နည်းစနစ်များ သရုပ်ပြသခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစားဝါသနာရှင် မိဘ ပြည်သူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)