မိတ္ထီလာ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြား သည်။ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများအကြောင်းကို အသိပညာပေးဆွေးနွေးသည်။ ထိုနောက် တက်ရောက်လာကြသော ပရဟိတလူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ