ကျောက်တော်မြို့နယ်၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကျောက်တော်မတ်၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က သဝင်ကိုင်းကျေးရွာ စာသင်ကျောင်းခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဇော်သန့်အောင်မှ စီမံကိန်းမိတ်ဆက် ရှင်းလင်းဆွေးနွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ ကျောက်တော်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင် စီမံကိန်းချေးငွေထုတ်ချေးပေးရခြင်းသည် ကျေးလက်နေတောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီးလယ်ယာကဏ္ဍတွင် သွင်းအားစု၊မျိုး၊ မြေသြဇာများဝယ်ယူသုံးစွဲနိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် တောင်သူများအနေဖြင့် လယ်ယာကဏ္ဍတွင်အကျိုးရှိစွာသုံးစွဲရေးနှင့် ချေးငွေများအလေအလွင့် မဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ(၃)ရွာအား တစ်ရွာလျှင်စိုက်ပျိုးရေး မြစိမ်းရောင် စီမံကိန်းချေးငွေ ကျပ်သိန်း(၆၀၀)ဖြစ်ပြီး ကျေးရွာ(၃)ရွာအတွက် ချေးငွေကျပ်သိန်းပေါင်း (၁၈၀၀)အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ချေးငွေများကို ယခုလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါမိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေးကဏ္ဍမြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်တောင်သူစုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း