မလှိုင် မတ် ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် တပ်မတော်နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ မှတ်တမ်းများ၊ ဗဟုသုတရရှိစေမည့် သုတရသစာအုပ်မျိုးစုံ၊ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်မျိုးစုံတို့ကို ပြသထားရှိပြီး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သတိထားလိုက်နာရမည့် အချက်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်စသည့် နံရံကပ်စာစောင်များနှင့် မြို့နယ်အတွင်း လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ပြသထားရာ လာရောက်ကြည့်ရှု လေ့လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသပေးခဲ့သည်။
နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲသို့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းသို့ တက်ရောက်နေသော မြို့နယ်အတွင်းမှ အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့် သင်ဆရာ/မများနှင့် စိတ်ပါဝင်စားသူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)