တပ်ကုန်း မတ် ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ်ထားသော နဝင်းချောင်းကူးသံကူကွန်ကရစ်တံတားနှင့် ပုဏ္ဏမာ-ရွာတော်ကုန်ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝင်းချောင်းကူးသံကူကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများဟာ ကျေးလက် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာ အခြေခံနေသောကြောင့် ကျေးလက်လမ်းပန်ဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူ များ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းများ လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး၊ ကျေးလက် လမ်းတံတားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချော မွေ့မှုသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် များစွာ အထောက်အကူပြုသောကြောင့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီသော ကျေးလက်လမ်းတံတားများ ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ သဘာဝဘေးဒဏ်ခံနိုင်သော လမ်းများဖြစ်ပေါ်ရေး၊ ကျေးရွာများအားလုံး ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းတံတားများအဖြစ် ရည်မှန်းပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ရင်းနှီး မြှုပ်နှံမှုအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံအဝှမ်း ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ်(၂၈၄.၂၂၁)ဘီလီယံဖြင့် ကွန်ကရစ်လမ်း(၂၇၇)မိုင်၊ ကတ္တရာလမ်း(၁၅၂)မိုင် ကျောက်ချောလမ်း (၂၈၇)မိုင်၊ ဂဝံ/ဂျင်းလမ်း(၂၂၂)မိုင်၊ မြေသားလမ်း (၃၂၉)မိုင်၊ စုစုပေါင်းကျေးလက် လမ်းအရှည် (၁၂၆၇)မိုင်နှင့်ကွန်ကရစ်တံတား (၃၂၃)စင်း၊ကြိုး/ ဘေလီ(၁၆)စင်း၊ Box Culvert(၈၄၂)စင်းနှင့် ရေကျော် (၂၅)စင်း၊ စုစုပေါင်းကျေးလက်တံတား (၁,၂၀၆)စင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်ပွဲအခမ်းအနားဆောင်ရွက်သည့် “နဝင်းချောင်းကူးတံတား”သည် တံတားအရှည် (၁၈၀)ပေ၊ တံတားအကျယ် (၁၈)ပေရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မတပ်ဆင် အသုံးပြု ထားသော တံတားအမျိုးအစားဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြုသွားနိုင်ကြောင်း၊ ယခုလိုစံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေ ရန်အတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး အချိုးကျကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးသည် အဓိကကျလျက်ရှိပါကြောင်း၊ ယခုနဝင်းချောင်းကူး တံတားတည်ဆောက်နိုင်မှုကြောင့် မကျီးပင်ကျေးရွာဘက်ကမ်းမှ ကျေးရွာ(၅)ရွာရှိ အိမ်ခြေ(၆၄၂) အိမ်၊ လူဦးရေ(၂၇၇၇)ဦးကို အကျိုးပြုမှာဖြစ်ပြီး၊ ကျေးရွာတောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော ပဲ၊ ပြောင်း၊ နှမ်း၊ ခရမ်းချဉ်စတဲ့ စုစုပေါင်း စိုက်ဧက ၅၀၀၀ ခန့်မှ ထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့်ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တံတားရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံများမှ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပါသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းနောင်၊ ကောင်စီအဖွဲ့ဝင်(၂)ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နဝင်းချောင်းကူးသံကူကွန်ကရစ်တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ တက်ရောက်လာသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေး နံ့သာရည်များ ပက်ဖြန်းကာ တံတားအား ဖြတ်သန်းကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်း ဟောင်းမှ ပုဏ္ဏမာ-ရွာတော်ကုန်းကျေးရွာဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းနောင်၊ ကောင်စီအဖွဲ့ဝင်(၂)ဦးဇေယျာလင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါပုဏ္ဏမာ-ရွာတော်ကုန်းကျေးရွာချင်းဆက် လမ်းအရှည်တစ်မိုင် ၂ ဒသမ ၆ ဖာလုံ ရှိပြီး၊ ကျေးရွာနှစ်ရွာမှ တောင်သူများ၏ စိုက်ပျိုးဧက ၃၃၀ ကျော် ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်