တပ်ကုန်းမြို့၌ ဂုဏဝိသိဋ္ဌပူဇာ  ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနား ကျင်းပ

တပ်ကုန်း မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရွှေဥဒေါင်းတောင်စိန်ရောင်ခြည်ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောက၊ သက်တော် ၅၄ နှစ်၊ ဝါတော် ၃၄ ဝါအား ဇန်နဝါရီလ ၄ ရက်တွင် ရောက်ရှိသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခဲ့သဖြင့် တပည့်ဒါယကာ/ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြု ပူဇော် သော ဂုဏဝိသိဋ္ဌပူဇာအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီက အဆိုပါကျောင်းတိုက်တွင်  ကျင်းပသည်။

အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး၊ ရွှေမြို့ကြီးဂိုဏ်း ထောက်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရိယက သာရဏိယကထာ မြွက်ကြားခဲ့ပြီးနောက် ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတိလောကအား ငွေတောင်တောရ စာသင်တိုက်မှ စာချနာယကဆရာတော် အရှင်မေဓိယ ရေးစပ်သီကုံးသော ဧကပိုဒ်ရတုဖြင့် တေးသံရှင် အေးမိစံ နှင့် ပွဲကြိုက်သူရွှေဆိုင်းသူအဖွဲ့မှ သီကျူးပူဇော်ခြင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တတိလော က၏ ထေရုပ္ပတ္တိအကျဉ်းအား တံခွန်တိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာ တော် ဘဒ္ဒန္တနန္ဒိယက ဖတ်ကြားပူဇော်ခြင်း၊ စာချနာယကဆရာတော် အရှင်မေဓိယ ရေးစပ်သီကုံး သော ရှစ်ဆယ်ပေါ်တေးထပ်အား တေးသံရှင်အေးမိစံနှင့်အဖွဲ့မှ သီကျူးပူဇော်ခဲ့သည်။

ထို့နောက် ဆရာတော်ဘဒ္ဒန္တပညာသီဟထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူခြင်း၊ ဂုဏဝိသိဋ္ဌပူဇော်ပွဲကျင်းပရေးအဖွဲ့ဝင် ဦးတင်လှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ဦးသန်းအောင်၊ ဦးမြင့်နိုင်ဦးနှင့် အလှူရှင်များက နဝကမ္မပူဇော်ငွေများအား ထပ်ဆင့်ဂုဏ်ပြုဆရာတော်နှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး၊ ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် အရှင်မေဓိယ ရေးစပ်ဂုဏ်ပြုသည့် ဗုံထောက်တေးသံအား တေးသံရှင်အေးမိစံက သီဆိုပူဇော်ခဲ့ပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုပြီး  အောင်မြင်စွာ ကျင်းပကြောင်း သိရသည်။

တင်စိုးလွင်