ငါန်းဇွန် မတ် ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကုန်းလည်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ သစ်တောသစ်ပင်များသည် လူထုပတ်ဝန်းကျင်မှထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို အစာအဖြစ်စားသုံး၍ လူတို့အသက်ရှူသည့် သန့်စင်သည့် လေထုအောက်ဆီဂျင်ကို ထုတ်ပေးပါသဖြင့် သစ်ပင်သစ်တောများကို လူထုအများမှ ချစ်မြတ်နိုးရန်လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တော၏ အကျိုးကျေးဇူးသည် အောက်ဆီဂျင် ဓာတ် လုံလောက်စွာထုတ်ပေးနိုင်ခြင်း၊ သစ်ပင်သစ်တောကောင်းမွန်ပါက ရာသီဉတု မှန်ကန်ခြင်း၊ မြေဆီလွှာ ကောင်းမွန်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများ သီးနှံထွက်တိုးခြင်း၊ စီးပွားရေး ဖြစ်ထွန်းခြင်း၊ ကန္တာရဖြစ်ထွန်းမှု ကာကွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းစသည့် အကျိုးကျေးဇူး များပါ ရရှိမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ထင်းအစား အခြားလောင်စာတိုးမြှင့် သုံးစွဲခြင်းဖြင့်လည်း သစ်တောပြုန်းတီးမှုကို လျော့နည်းသက်သာစေပြီး ကမ္ဘာကြီးပူနွေးမှုကို လျှော့နည်းသက်သာစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆိုပါလူထုပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ထင်းအစား အခြားလောင်စာသုံး စွမ်းအားမြှင့်မီးဖို အလုံး(၂၀)ကို မဲစနစ်ဖြင့် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)