ဒဂုံတောင် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်ဝေကအဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးစီးအရာရှိဒေါ်သန်းသန်းအေးက မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များအခြေအနေနှင့် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က မိမိတို့အုပ်ချုပ်ရေးဌာနက ဆောင်ရွက်ပေးရမည့်လုပ်ငန်းများရှိပါက မချိန်မရွေးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာကြည့်တိုက်များရှင်သန်အောင် ကြိုးစားဆောင်ရွက်နေသောစာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအား ကျေးဇူးတင်ရှိပါကြောင်း မိမိတို့မြို့နယ် ရပ်ကွက်တိုင်းရှိ စာကြည့်တိုက်များရှင်သန်စေချင်ကြောင်း ယခုမှတ်ပုံတင်ရရှိထားသော စာကြည့်တိုက် ၁၀ တိုက်ကိုလည်း ရေရှည်ရှင်သန်ရေး ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်းစသဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် အမှတ် ၅၆ ရပ်ကွက်၊ ပညာအလင်းစာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က လှူဒါန်းသည့်စာအုပ်များကို ထပ်ဆင့်လှူဒါန်းပေးရာ စာကြည့်တိုက်မှူး ဦးအုန်းမြင့်က လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပု ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
သန်းသန်းအေး