ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆက်လက်ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ မတ် ၂၃

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ သပြေကုန်းဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာနှင်းနှင်း‌‌ဝေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်ဇော် အောင်နှင့် မြို့နယ် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက လှည့်လည်စစ်ဆေးရာတွင် ဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်ဖတ်များ၊ ပဲပြားများအား Mobile lab van ပေါ်တွင် rapid test kit ဖြင့် စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)