ဇမ္ဗူသီရိ မတ် ၂၃
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမို စိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တိုက်ကွမ်ဒိုနှင့် အေရိုးဗစ် သင်တန်းကို မတ်လ ၂၀ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
အဆိုပါ တိုက်ကွမ်ဒိုနှင့် အေရိုးဗစ်သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေအား ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းတွင် တိုက်ကွမ်ဒိုနည်းပြဆရာ မောင်အောင်သန်းနှင့် အေရိုးဗစ်နည်းပြဆရာမ မလင်ငိုင်နိမ်တို့က ဦးဆောင်ကာ သင်ကြားပို့ချလျက်ရှိပြီး စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ဖြင့် မတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)