မော်လမြိုင် မတ် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ်ပို့ချသည့် ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးတို့အား လမ်းညွှန်မှုပြုရန်နှင့် မြန်မာနိုင်ငံရှိ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ စီမံချက်များ၊ မဟာဗျူဟာများ၊ အစီအစဉ်များနှင့် စီမံကိန်းများတွင် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ထည့်သွင်း နိုင်ရန်အတွက် အမျိုးသားပတ်ဝန်းကျင်ရေးရာအခြေခံမူများ ချမှတ်ရန်ဖြစ်ပြီး ပတ်ဝန်းကျင် ကဏ္ဍတွင် တာဝန်ရှိသော ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များနှင့် အများပြည်သူလူထုများသို့ အသိပညာပေးခြင်းနှင့် လမ်းညွှန်မှုပြုနိုင်ရန် ဦးစွာပဏာမအနေဖြင့် ဌာနတွင်း ပူးပေါင်းပါဝင်မှ အားကောင်းလာစေရန် သက်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသိပညာပေးလှုပ်ရှားမှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ဌာနတွင်း ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရေး လုပ်ငန်းခွင်မွမ်းမံ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့သည်မှာ ယခုအခါ သင်တန်းအမှတ်စဉ် (၅) သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သင်တန်းကာလတစ်လျှောက်လုံး သင်တန်းသား/ သင်တန်းသူများ အားလုံးအနေဖြင့် လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။ အဆိုပါ သင်တန်းကို မတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၈ ရက်ကြာ သင်ကြားပို့ချပေးပြီး သင်တန်းသူ (၁၀) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
စည်သူ