တာမွေမြို့နယ်တွင် ကမ္ဘာ့ရေသယံဇာတနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

တာမွေ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော ကမ္ဘာ့ရေသယံဇာတနေ့ အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးခဲ့သည်။

အဆိုပါ ကမ္ဘာ့ရေသယံဇာတနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ၂၀၂၃-ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေသယံဇာတနေ့ဖြစ်ပေါ်လာပုံနှင့် ရှေးနှစ်ပေါင်းများစွာ ကမ္ဘာတည်သည့် အချိန်မှစ၍ ယနေ့တိုင်အောင် လူသားနှင့် သက်ရှိကမ္ဘာကို ရေ၏အကျိုးသက်ရောက်မှုပြုပုံများ၊ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် ရေချိုနှင့်ရေငန်၏ တည်ရှိနေမှုရာခိုင်နှုန်းများ၊ တစ်ကမ္ဘာလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူသားတို့၏ ပြုမှု လုပ်ဆောင်မှုများကြောင့် တန်ဖိုးရှိသော ရေသယံဇာတများနှင့် ဂေဟစနစ်များ ထိခိုက်ဆုံးရှုံးရခြင်းများ၊ သက်ရှိများ အားလုံးအတွက် တန်ဖိုးရှိသော ရေသယံဇာတများအား ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် နည်းစနစ်တကျစီမံခန့်ခွဲ၍ အသုံးပြုခြင်း နည်းလမ်းကောင်းများ၊ လူသားတို့၏ ကိုယ်ခန္ဓာတွင် ရေဓာတ်ပါဝင်မှုနှင့် ခန္ဓာကိုယ်အတွင်း ရေ၏အလုပ်လုပ်ပုံများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)