တိုက်ကြီးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

တိုက်ကြီး     မတ်     ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးကိုရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ဉီးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာနနှင့် လူမှုဝန်ထမ်းဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ရှမ်းကျောင်းကြီးဘုန်းတော်ကြီးကျောင်း နှီးဘုရားကြီး ဓမ္မာရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဉီးမြဝင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးပြေဟိန်းနိုင်တို့က အဖွင့်အမှာစကားများ ပြောကြားသည်။ ဆက်လက်၍တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်စန်းမြင့်က အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် အိမ်တွင်းမှုအတတ်ပညာသင်ကျောင်း(ရန်ကုန်)မှ လက်ထောက်နည်းပြ ဒေါ်ဧကရီစံက သင်တန်းပို့ချသွားမည်ဖြစ်ပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသူ(၂၀)ဉီးတို့ တက်ရောက်ကာ မတ် လ ၂၃ ရက် မှ ဧပြီ လ ၂၈ ရက်အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)