နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ သတ္တမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်း ဖွင့်လှစ်သွားမည်ဖြစ်

နောင်ချို မတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ သတ္တမအကြိမ်မြောက် မဟာသတိပဌာန်မိုးကုတ်ဝိပဿနာ (၅)ရက် တရားစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

အဆိုပါ တရားစခန်းသို့ ဝင်ရောက်လိုသော ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူ၊ ယောဂီသူတော်စင်များအနေဖြင့် စာရင်းသွင်းဝင်ရောက်နိုင်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်‌ နှောင်းတန်ခူးလပြည့်ကျော် ၉ ရက် (၁၃-၄-၂၀၂၃)နေ့မှ တန်ခူးလပြည့်ကျော် ၁၄ ရက် (၁၈-၄-၂၀၂၃)နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များ ကြွရောက်၍ ဝိပဿနာအလုပ်ပေးတရားတော်များ ဟောကြားပြသပေးသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ ဦးဆောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူ ယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက် အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာ လျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အား လှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေးအကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)