တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာအောင်သစ် ရေးသားသည့် မိမိဘဝမိမိထူထောင်အောင်မြင်ရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က မိမိဘဝကိုမိမိစိတ်တိုင်းကျ ထူထောင်အောင်မြင်လိုသူတိုင်းသည် အပြုစိတ်ကို ထာဝစဥ်မွေးမြူဖို့လိုအပ်ကြောင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့်ယုံကြည်စိတ်မရှိခြင်းတို့မှာ အပျက်စိတ်၏သင်္ကေတများဖြစ်ကြောင်း၊ အောင်မြင်မှုရရန်ကြိုးပမ်းဆောင်ရွက်ရာတွင် လူအများ၏ကဲ့ရဲ့မှုနှင့်ပြစ်တင်ရှုတ်ချမှုများ၊ ပတ်ဝန်းကျင်၏တိုက်ခတ်မှုများကို ခံနိုင်ရည်ရှိအောင် နေထိုင်တတ်ရန်လိုအပ်ကြောင်း၊ မိမိ၏ချွတ်ယွင်းချက်များကို ပြုပြင်ထိန်းသိမ်း၍ မိမိကိုယ်မိမိစင်ကြယ်သော အထင်ကြီးစိတ်ရှိရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်နှင့်အပေးအယူမျှတသော စိတ်နေသဘောထား၊ အကျင့်စရိုက်၊ ပြောဆိုဆက်ဆံမှုတို့မှာ လိုက်လျောညီထွေဖြစ်ရန်လိုအပ်ကြောင်း၊ ရင့်ကျက်သောစိတ်ဓာတ်၊ တည်တံ့ခိုင်မာသောသဘောထားနှင့် မိမိအမြင်၊ မိမိလုပ်အားကိုစိတ်ချယုံကြည်မှသာ အမှီအခိုကင်းသောဘဝကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Youth Club)အဖွဲ့ဝင် မောင်ကျော်သူထက်မှ မိတ်ကောင်းဆွေကောင်း ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ (Youth Club) အဖွဲ့ဝင်မသဇင်ပြုံးမှ ဘဝအတွက်လိုအပ်ချက်များ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)