ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက် ဝင်ရောက်လေ့လာလည်ပတ်ခွင့် ပြန်လည်ဖွင့်လှစ်

ညောင်ရွှေ မတ် ၂၃

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်သည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက် လေ့လာလည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် အဆိုပါပြတိုက်အား ဝင်ရောက်လေ့လာလည်ပတ်ခွင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာလည်ပတ်ခွင့် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

အဆိုပါ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်တွင် အတွင်းညီလာခံဆောင်၊ အပြင်ညီလာ ခံဆောင်၊ ကန်တော့ခံဆောင်၊ တောင်နန်းဆောင်၊ မြောက်နန်းဆောင်၊ သားတော်ကြီးဆောင်နှင့် အခြားအဆောင်များတွင် ရှေးခေတ်ရှမ်းစော်ဘွားကြီးများ၏ အသုံးအဆောင်ပစ္စည်များ၊ အဝတ် အစားများ၊ ဓာတ်ပုံများ၊ ရုပ်ထုများ၊ ဟော်နန်းသုံးပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်များ၊ ရှမ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသထားပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ်နံနက်(၉)နာရီခွဲမှ ညနေ (၅)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြတိုက်မှူးအပါအဝင် ပြတိုက်ဝန်ထမ်း(၇)ဦးဖြင့် ပြတိုက်လုပ်ငန်း တာဝန်များကို ဆောင်ရွက်နေကြောင်းနှင့် မည်သူမဆို လာရောက်လေ့လာလည်ပတ်နိုင်ကြောင်း ပြတိုက်တာဝန်ရှိသူ ဒေါ်ခင်ငြိမ်းငြိမ်းကျော်ထံမှ စုံစမ်းသိရှိရသည်။

စိုင်းအယ်ဘဲ