ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ဘူးသီးတောင် မတ် ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ခုနှစ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ကျေးရွာကြီးကြပ်မှုကော်မတီဝင်များအားစီမံကိန်း၊ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အဓိကအသက်မွေး ဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖြစ်၍ အဆိုပါကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် မျှော်မှန်း၍ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးမြစိမ်း ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရန် စံညှင်းဝေကျေးရွာအား အတည်ပြုရွေးချယ်ထားပြီး စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား ကျပ်သိန်း(၂၀၀)အား မတည်ရန်ပုံငွေအဖြစ် ခွဲဝေပေးနိုင်ရန်ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ စီမံကိန်းစတင် အကောင်အထည်ဖော်နိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် အများသဘောတူရွေးချယ်ထားသည့် ကျေးရွာအဆင့်စီမံကိန်းအဖွဲ့ဝင်များအား ငွေစာရင်းဆိုင်ရာသင်တန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သင်တန်မှပို့ချသည်များကို ကြိုးစားပြီး လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးရာ သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၇)ဦးတို့အား ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်မှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)