ပုဏ္ဏားကျွန်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပုဏ္ဏားကျွန်း  မတ် ၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ကလးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာဥပဒေများကို ပြဌာန်းခဲ့ပြီး ဖြစ် ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ကလေးသူငယ်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဝိုင်းဝန်လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကိုရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံက လူ့အခွင့်အရေးအဓိပ္ပါယ်နှင့် လူ့အခွင့်အရေးတွင်ပါဝင်သည့် အချက် အလက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးနှင့်မူဝါဒများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကြီး(၇)ရပ်နှင့် ကလေးသူငယ်များအတွက် ထောက်ပံ့ပေးနေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)