နွေဦးရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေလှူဒါန်း

ညောင်ဦး မတ် ၂၃

မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ပြည်သူ အကျိုးပြုလုပ်ငန်းစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများကိုလည်း နှစ်စဉ်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါအတွင် နွေဦးကာလသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ အချို့သောကျေးရွာများ၌ ကျေးရွာစက်ရေတွင်းများ ရေအလိုက်နည်းလာခြင်း၊ သဘာဝရေကန်များ ရေလျော့နည်းလာခြင်းများကြောင့် သောက်သုံးရေအခက်အခဲများ စတင်ရှိလာပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ မြို့နယ်၊ ပုဂံ၊ ငါ့သရောက်၊ တောင်ဇင်း၊ စဉ့်ကူစသည့် နယ်​မြေများအားလုံးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာပြည်သူများ သောက်သုံးရေခက်ခဲ၍ အကူအညီများ တောင်းခံလာပါက သွားရောက်လှူဒါန်းပေးနိူင်ရေး စီစဉ်ထားရှိပြီးဖြစ်သည်နှင့်အညီ ယမန်နေ့နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးလျက်ရှိသော၊ ပနီတွင်းကျေးရွာ၊ အိမ်ခြေ ၂၁၀ ခန့်၊ လူဦးရေ ၁၀၀၀ ခန့်အတွက် ရေဂါလံ ၁၈၀၀ နှင့် ကန်ကျဲတဲတိုက်နေ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၁၁၀ ခန့်တို့အတွက် ရေဂါလံ ၁၈၀၀၊ စုစုပေါင်း ရေဂါလံ ၃၆၀၀ အားသွားရောက်လှူဒါန်းပေးခဲ့ကြသည်။

အဆိုပါ သောက်သုံးရေလှူဒါန်းခြင်းလုပ်ငန်းအား ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီးသိန်းကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ ၁၈၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် ၂ ခေါက်၊ စုစုပေါင်း ရေဂါလံ ၃၆၀၀ အား အလှူရှင်မိသားစုဖြစ်သော ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးညီညီထွန်း (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)ဇနီး ဒေါ်စောမူအေး(အ.လ.ပြ) သား မောင်သော်ဇင် မိသားစုတို့ဖြင့်ပူးပေါင်း၍ သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း