ဘူးသီးတောင်မြို့၌မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးအသိပညာပေး Talk Show ကျင်းပ

ဘူးသီးတောင်  မတ် ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးအောင်နှင့် ဒုတိယဦးစီးမှူးဒေါ်ခင်စောမိုးတို့က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ မသန်စွမ်းသူများအတွက် ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ မသန်စွမ်းသူများ၏ အရေးကိစ္စများကို ပိုမိုနားလည်လာစေရန်၊ မသန်စွမ်းသူများသည်လည်း အခြေခံ လူ့အခွင့်အရေးများရှိကြောင်း သိလာစေရန်နှင့်သူတို့ကိုလည်း လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် လုပ်ငန်းများတွင် ပါဝင်လာစေရန်အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂညီလာခံကြီးက ဒီဇင်ဘာ ၃ ရက်ကို ကမ္ဘာ့မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့သည့်အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Buthidaung နှင့်ဘူးသီးတောင်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page များမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)