ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စုပေါင်းရုံးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းဖွင့်ပွဲကျင်းပ

ပျော်ဘွယ် မတ် ၂၃

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းရုံးလမ်း  ကတ္တရာထပ်ပိုးလွှာလမ်းခင်းခြင်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်းတွင် ကျင်းပရာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစံထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်က ကတ္တရာထပ်ပိုးလွှာလမ်းခင်းနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးဇော်မြင့်က မြို့နယ်အတွင်း လျာထားချက်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားဆောက်လုပ်ပေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မင်္ဂလာအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစံထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ အဖွဲ့ဝင်ဗိုလ်မှူးဇော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းခင်းထားမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။

စုပေါင်းရုံးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၁၇.၇၈၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)