ဟိုပန် မတ် ၂၃
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဟိုပန်မြို့ပေါ်ရပ်ကွက်များမှ လူငယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူထုအခြေပြုဗဟိုဌာန ပုံဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကလေးသူငယ်အကြမ်းဖက်ခံရမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် (၂၄)နာရီ Helpline ဝန်ဆောင်မှု ဖုန်းနံပါတ်များကို ပြောကြားခဲ့သည်။
၎င်းနောက် ဟိုပန်ခရိုင်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီလာခိုင်က ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်စေရေး ကာကွယ်စောင့်ရှောက်ပေးနေမှုအခြေအနေများနှင့် မြို့နယ်ဥပဒေအရာရှိ ဦးနေလင်းထွန်း က ကလေးသူငယ်အားလုံး၏ တည်ဆဲဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်များ တန်းတူညီမျှမှုရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုစေရေး၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး ပညာသင်ယူမှုအခွင့်အရေးရရှိရေး၊ ကလေးသူငယ်မှုခင်းများကို သီခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)