နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ် ဓမ္မာစရိယစာမေးပွဲဖြေဆိုမှု လာရောက်ကြည်ညိုပူဇော်

တပ်ကုန်း မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမတို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ စာဖြေဌာနဖွင့်လှစ်ပြီး၊ ဓမ္မာစရိယစာမေးပွဲ (ပါရာဇိကကဏ္ဍပါဠိအထကထာကျမ်း-၂) ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်ကြီးများကို ယမန်နေ့နံနက်ပိုင်းက  ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များမှ  နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ 

အဆိုပါစာမေးပွဲတွင် (ပါရာဇိကကဏ္ဍပါဠိအထကထာကျမ်း-၂) ဖြေဆိုတော်မူကြသော ရဟန်း၊ သံဃာ၊ သီလရှင်များ စာဖြေဆိုနေမှုအခြေအနေများနှင့် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာ‌တော်၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ ဘဒ္ဒန္တစန္ဒာသိရီ မဟာထေရ်မြတ်ကြီးအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်သာသနာရေးမှူး ဦးနီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးတို့နှင့်အတူ လိုက်လံကြည့်ရှုပူဇော်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စာမေးပွဲကြီးကြပ်ဆရာတော် (၁၇)ပါးကို တစ်ပါးလျှင် နဝကမ္မငွေ (၃၀၀၀၀)ကျပ်နှင့် ဩဝါဒါစရိယဆရာတော်(၆)ပါးကို တစ်ပါးလျှင် (၅၀၀၀၀)ကျပ်၊ စုစုပေါင်း (၈၁၀၀၀၀)ကျပ်အား လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ မြို့နယ်အဆင့်သာသနာ့နုဂ္ဂဟ အဖွဲ့ ဖွဲ့စည်းပြီး၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများအထိ ဖွဲ့စည်းလုပ်ဆောင်ကြရန်၊ မြို့နယ် အဆင့်၊ ကျေးရွာအဆင့်နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်‌ဆောင်ရွက်ရန်နှင့်နေ့ကြီး ရက်ကြီးများတွင် ဘာသာရေးပွဲများ အစဉ်အလာမပျက် ကျင်းပဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်