ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ မတ် ၂၃

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်(၂) ဦးကျော်အောင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်း‌‌ဝေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်ဇော်အောင်နှင့် မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက လှည့်လည်စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချလျက်ရှိသည့် ဝက်အူချောင်းများ၊ မုန့်ဖတ်များအား Mobile lab van ပေါ်တွင် rapid test kit ဖြင့်စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်အစားအသောက်များရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)