ဗန်းမော်မြို့ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

ဗန်းမော် မတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဗန်းမော်မူလတန်းကြိုကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗန်းမော်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်းက အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်မူလတန်းကြိုကျောင်း၏ ဘဏ္ဍာရေးမှူး ဦးကျော်သီဟက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ  တာဝန်ရှိသူများက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မူလတန်းကြိုကျောင်း အကြီးတန်းနှင့် အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များက ညမွှေးပန်းသီချင်း၊ ဗမာမလေးသီချင်းတို့ဖြင့်လည်းကောင်း၊ ကုလားအက၊ ရခိုင်အက၊ တောဂေါ်လီ သီချင်း၊ ကျေးဇူးတင်ပါတယ်သီချင်း စသည်တို့ဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဗန်းမော်မူလတန်းကြိုကျောင်း အကြီးတန်း၊ အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူအသီးသီးမှ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်