ကျိုင်းတုံ မတ် ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း ‘ဝ’ ကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်(၂) ဦးမင်းညိုက ဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဒေသအတွင်းလာရောက်လည်ပတ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသည့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်ခန်းစားများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှတ်သားကြရန် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရှေးဦးသူနာ ပြုစုနည်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စသည့်ဘာသာရပ်များကို တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကျိုင်းတုံမြို့နယ်၊ ပင်းဆိုင်း ‘ဝ’ ကျေးရွာအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ကျိုင်းတုံ)ရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းဒေသအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)