မုဒုံ မတ် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက ဖူရှင်းရော်ဘာစက်ရုံ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိရန် ပညာပေးဟောပြောပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိမ့်သိမ့်အောင်က ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းအောင် ကာကွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း၊ ငလျင်တစ်ခုလှုပ်ခတ်ရာတွင် ဘေးကင်းလုံခြုံအောင်နေရာယူခြင်း၊ အဆောက်အအုံအတွင်းမှ ပြေးထွက်လာပြီး ဘေးလွတ်သည့်နေရာသို့ ထွက်ခွာခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပိတ်မိနေသူများအားကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ထုတ်ခြင်းနှင့်ရှေးဦးသူနာပြုစုပေးခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)