မိုင်းယောင်း မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်တို့က ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်စေသော မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးအတွက် မြန်မာနိုင်ငံသည် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်သွားမည် ဖြစ်ရာယမန်နှစ်အထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၇၉ ရာခိုင်နှုန်းအထိလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်းအထိ ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု သတင်းများအရသိရှိရကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ခြင်း၊ ဒီရေတောများသည် ဒေသခံပြည်သူများအတွက် မုန်တိုင်းနှင့် ဆူနာမီလှိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသော အပင်မျိုးစိတ်များနှင့် သားငှက်တိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝရေထွက်များ၊ ရေဝေရေလဲဒေသများကို ထိန်းသိမ်းနိုင်ခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုတိုးပွားလာစေခြင်း၊ သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရာတွင်လည်းကောင်း၊ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်းကောင်း ပြည်သူလူထုပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်း၊ လူသားတိုင်း၏ ကျန်းမာသက်ရှည်ရေးအတွက် သစ်ပင်သစ်တောများ အားကောင်းမောင်းသန်ရှင်သန်ဖြစ်ထွန်းနေရန် လိုအပ်သည့်အလျောက် သစ်ပင်သစ်တောများ ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းရေးတွင် လူတိုင်းပါဝင်ကြရမည့်အကြောင်း ဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း