နမ့်ခမ်း မတ် ၂၃
အခြေခံပညာဘာသာရပ်သင်ရိုးများ ပို့ချရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းပြ ဆရာ/ဆရာမ(၃၃)ဦး၊ အလယ်တန်းပြဆရာ/ဆရာမ (၁၁၆)ဦးနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီး (၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဘာသာရပ်များကို ကျောင်းသား/ ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကြုံ့တွေ့ရသည့် အခက်အခဲများ၊ လွယ်ကူလျင်မြန်ပြီး ပိုမိုထိရောက်မည့် ပို့ချချက်များ၊ ကျောင်းသားလူငယ်များ နားလည်တတ်မြောက်လွယ်နိုင်မည့် သင်ကြားချက်များကို ဆရာ/ဆရာမများမှ တစ်ဦးချင်းစီအလိုက် ဆွေးနွေးခြင်း၊ အချင်းချင်း မျှဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန်အတွက် ကျောင်းသားလူငယ်များ၏ ပညာရေးကို ပိုမိုထိရောက်ပြီး တိုးတက်ကောင်းမွန်သည့် သင်ကြားပို့ချချက်များ ရရှိစေရန် နှစ်စဉ်နှစ်တိုင်း ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံပညာအထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကျင်းပသည့် အခြေခံပညာအထက်တန်းပြနှင့် အလယ်တန်းပြ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ (၂၁)ရက်မှ (၂၄)ရက်နေ့ထိ (၄)ရက်ကြာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာမူလတန်းစွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လအတွင်း ဆက် လက် ဆေင်ရွက်သွားမည့်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)