နမ့်စန်(တ) မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ရုံးရှေ့၊ နမ့်စန်-ခိုလန်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးရဲအုပ် မောင်မောင်သက်လွင်နှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များကို ရပ်တန့်၍ ဖောင်းကြွနံပါတ်ပြားအသစ်များ တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မတပ်ဆင်ထားသော ယာဉ်များကို အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေးအား ယာဉ်မောင်းသူများကို အသိပေး၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းသူများအတွက် လက်ကမ်းစာစောင် (၁၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)