တံတား မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
အဆိုပါစာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ်ဒသာနိကစာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးနည်းပညာ စာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန် စာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြများ၊ ကလေးစာပေများ၊ (၇၈) နှစ်မြောက် တပ်မတော်နေ့နှင့်သက်ဆိုင်သည့် စာအုပ်များစသည့် စိတ်ဝင်စားဖွယ်အထွေထွေဗဟုသုတ စာအုပ်များစွာကို ခင်းကျင်းပြသ ထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ