ဒလ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်း၍ဆောက်ရွက် သွားကြရန်၊ ယိမ်းအကများဖြင့်ကပြဖျော်ဖြေရေး၊ ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန် ရေလုံလောက်စွာရရှိရေး၊ စတုဒိသာကျွေးမွေးရေးနှင့် ဧပြီလ (၄) ရက်နေ့တွင် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး စသည့်အကြောင်းအရာများ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များက မိမိတို့ဆောင်ရွက်ထားသောလုပ်ငန်း အခြေအနေနှင့် အခက်အခဲများ တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)